သက်ပြင်းဟာ နွေဦးရဲ့လေပူတွေထက် ပူလွန်းတယ်
နွေဦးရေ သက်ပြင်းတွေနဲ့ မျောချနေရတဲ့ ငါ့ရဲ့စိတ်တွေမှာ မင်းပေးတဲ့ မီးတောက်တစ်ခုဆီကိုင်လို့ အရူးသွေးထန်နေတဲ့ ကမ္ဘာမြေကို ချစ်စိတ်နဲ့ ငါငေးနေမိရဲ့ ခေတ်ကိုက အကောင်းမြင်ဝါဒီလုပ်မရတဲ့ ခေတ်လေ နာမည်ပျက်လေ ဂုဏ်တက်လေဆိုသူလဲ ရှိရဲ့ သူများမျှော်လင့်ချက်ကို ခူးခပ်စားသောက်သူလဲ ရှိရဲ့ ဝေဒနာပြင်းပြင်း ဒဏ်ရာပေါ်ကို ဓားနဲ့ခုတ်ချသူလဲ ရှိရဲ့ ပြောကြကြေးဆိုရင် ဆေးခါးကြီးတစ်ခွက်ပါပဲ ကြက်ခြေခတ်တွေနဲ့ စွေ့စွေ့နီလို့ သွေးဆာနေတဲ့ နာရီတွေက အသက်ပါအောင်ကို ရှ တယ်။ ချစ်စိတ်ကြောင့်ပါပဲလေ ခေါင်းအခါခါ ခါမိ၊ သက်ပြင်းအခါခါ ချမိတာ ချစ်စိတ်ကြောင့်ပါပဲ ဒီလူတွေ ဆိုးယုတ်သမျှ ငါ့ရင်ဘတ်မှာ ဒဏ်ရာနက်နက်ကြီးတွေ ဖြစ်ဖြစ်သွားတာ ဒီချစ်စိတ်ကြောင့်ပါပဲလေ မနေနိုင်မထိုင်နိုင် ဒီကဗျာကို ရေးနေမိတာပေါ့ နွေဦးရေ… ငါတို့ကမ္ဘာမြေ …ဒီကျိန်စာကပျယ်ဖို့ သွေးတွေ ဘယ်လောက်များများ ကုန်ဦးမှာလဲကွာ?…
စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန် (၂)
နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ဖြတ်သွား ဒီဇင်ဘာတွေ ကြွေကုန်ပြီ ဒီဇင်ဘာရေ ငါကတော့ ဒဏ်ရာရ ကြောင်တစ်ကောင်လို အခန်းအောင်း ငါချွန်ခဲ့တဲ့ မြှားတွေလည်း တုံးခဲ့ပေါ့ စိတ်တွေလေတယ် အတွေးတွေလေတယ် ထုံးထိုင်းမှုတွေက အစွန်းရောက်အောင်ကို ချွန်ထက်ပြ ဘဝက စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်…
ဒီဇင်ဘာ
ဒီဇင်ဘာက ပြက္ခဒိန်ပေါ်ကနေ ငါ့ကို ပေစောင်းစောင်းကြည့်တယ် ဟုတ်ပါ့… ငါကလည်း အမှတ်တမဲ့ မေ့နေတယ် ရာသီဥတုကိုက သတိမမှုမိအောင် ပါးပါးလျလျပဲ ရွေ့သွားနေပေါ့ အံကျလာတဲ့ ခြောက်ကပ်ကပ်အအေးဓာတ် ရုတ်တရက်ထိတွေ့လိုက်ရတော့မှ ငါလန့်သွားတယ် ဒီဇင်ဘာ ဖြည်းဖြည်းအေးဆေးပေါ့… အခုတော့ မင်းက ဝိဉာည်တစ်ကောင်လိုပဲ သိပ်ခြောက်လန့်တယ် ငါမင်းကို ရပ်ပြီး ကြည့်ရှုခံစား မနေနိုင်ဘူး ဒီဇင်ဘာ မနှစ်ကလို ငါမင်းကို ကြိုဆိုမှာမဟုတ်ဘူး မနှစ်က ဒီဇင်ဘာနဲ့ ဒီနှစ် ဒီဇင်ဘာ ငါက ပိုပြီး အဆိုးမြင်လာတယ် ငါက ပိုပြီး အရိုင်းဆန်လာတယ် မင်းက ထုံးစံအတိုင်း ဖျားနာမှုကို ဆောင်ကြည်းတယ် ငါကလည်း ထုံးစံအတိုင်း နှာစေးတယ် အဲဒီယဉ်ကျေးမှုကလွဲရင် … ကျန်တာတွေ ကွာတယ် … အပုံကြီးကွာသွားတယ် ငါတို့မှာ အားထားစရာ သစ်ပင်တွေ သိပ်ရှားသွားပြီ နေကလည်း အညာအတာမဲ့ အပူကြီးပူနေပြီ ငါတို့ သိပ်အလုပ်များနေတယ် ဒီဇင်ဘာ မင်းဟာ အခြားလူတွေလိုပဲ ဖြတ်သွားဖြတ်လာ ဒီထက် အခွင့်အရေး ပိုမရဘူး အကွာကြီးကွာတဲ့ထဲမှာ ငါ့ရဲ့ နူးညံမှုတွေလည်း မာထန်ကုန်ပြီဆိုတာ မင်းအခုတွေ့ရပြီ ထားလိုက်တော့ .. ခွင့်လွတ်ဖို့ ငါ မတောင်းဆိုဘူး ခပ်ရင့်ရင့်ဆိုပေမယ့် ခပ်နုနုလေး ခဏလောက် မင်းကို ငေးမောမိတာပါ ဒီဇင်ဘာရယ် ဒီထက်ဘာမှ မပိုပါဘူး အခု ငါတို့ သိပ်အလုပ်များနေတယ် အခု ငါတို့မှာ လုပ်စရာတွေ အများကြီးကျန်သေးတယ် ဟုတ်ကဲ့ … အခုလိုတွေ့ရတာ ဝမ်းသာပါတယ် ဒါပေမယ့် ကောင်းသောညပါ ဒီဇင်ဘာ…။ ။ _2008_…
လက်ရှိအခြေအနေ
ရာသီဥတု မကောင်းလို့ ငါတို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ဖြစ်ဘူး ငါ့ဦးနှောက်တွေလဲ အေးခဲလို့ ငါ့ရဲ့ကဗျာတွေ ဘာဖြစ်သွားလဲ ဘယ်မှာလဲ သက်ပြင်းငွေ့ငွေ့နဲ့ အရူးတစ်ပိုင်း၊ အရူးနှစ်ပိုင်း တစ်လုံးမှ မူးမယ်ဆိုလဲ တစ်လုံးချကွာ ငါကတော့ မသောက်ဘဲ ချာချာလည်တဲ့ကမ္ဘာမှာ အမုန်းတွေ မရှိသင့်ဘူးဆိုတာကို ဟားတိုက်မယ် လာရိတဲ့ သူငယ်ချင်းကို ပယ်ပယ်နယ်နယ် ဆဲမယ် ဆင်ခြင်တုံတရားနဲ့ အိမ်ကိုလွမ်းမယ် လေဒီဂါးဂါးနဲ့ ရှက်ကီရာကို သောက်မြင်ကပ်မယ် ကိုယ်ဖက်ကို ကိုယ်ယက်ဖို့ ငါတို့မှာ ခြေနှစ်ဖက် လက်နှစ်ဖက်နဲ့ နှစ်ဖက်ရှတတ်တဲ့ မာနတွေနဲ့ ဘဝကို ခုတ်ထစ်ဖြတ်ပိုင်းပြီး တစ်ပိုင်းချင်းဆီ မဝေငှနိုင်ဘူး မကျေနပ် လေဖြတ်ပေါ့ ဘဝတွေက အခြားကြီး ကိုယ့်အပူ သူ့အပူ ဘာလို့ အကူးဆက်ခံမလဲဗျာ နေသာသလိုနေ … ထမ်းမထားနဲ့ တဲ့ ဟုတ်ကဲ့ နေသာသလိုနေပါတယ်… ထမ်းမထားပါဘူး သွေးကြောထဲ စီးဆင်းနေတဲ့ အပ်လိုပဲ ဘယ်အချိန် နှလုံးသားကို ထိုးဆိုက်မလဲ ဆိုက်ဆိုက်မြိုက်မြိုက် ရာသီဥတုမကောင်းလို့ပါ ဒီကဗျာကြောင့် ခေါင်းကိုက်သွားတယ်ဆိုလဲ ခွင့်လွတ်ပါ သူငယ်ချင်းတို့ ကိုယ့်အပူ သူ့အပူ ဘာလို့ အကူးဆက်ခံမလဲဗျ… နော်…
ဒိုင်ယာရီ
ဘယ်တော့မှ မရပ်တဲ့ ရထားတစ်စင်းပေါ်မှာ ငါတို့အားလုံး စီးနင်းလိုက်ပါခဲ့ကြသလိုမျိုး ကြွင်းကျန်ရစ်ခဲ့တဲ့ ဘူတာတွေ မကျေနပ်စရာအကြောင်းမရှိပါဘူး ငါ့ကို ထိုးနေခဲ့ကြတဲ့ လက်ညိုးတွေအတွက် ဒုက္ခမှာ မပျော်ပိုက်ရင် ဘဝဟာ ခြောက်ကပ်နေမှာပေါ့ ဒိုင်ယာရီတွေ မကောင်းဆိုးဝါးပူးကပ်လို့ တကယ့်တော့ အမေရယ် ကျွန်တော် ခဏခဏ စိတ်ကူးယဉ်ကြည့်ဖူးတဲ့ ကောင်းကင်ကြီးကိုယ်တိုင်ကိုက ကျွန်တော့်အပေါ်မှာ (မညာမတာ) မှောင်မိုက်ခဲ့ဖူးတာပါဗျာ။…
သတိရခြင်း - ရန်ကုန်
ငါ့စိတ် အကိုင်းအဖျားလေးပေါ် ရန်ကုန်မြို့ကြီးလာနားတော့ သတိရစိတ်တွေ ကွေးညွှတ် ငါ့တနင်္ဂနွေတွေ မိုးအုံးခဲ့ပြန်တယ် မြို့ထဲလမ်းမတွေက အမှတ်တရ သိမ်းထုတ်ထားဖို့ ရှည်လျား မိုးရေထဲ လိမ်လိမ်မာမာလေး နှစ်မြုပ်နေမယ့် မြို့ကြီးပေါ့ ငါ့ရဲ့ အိမ်လွမ်းနာမှာ မင်းက ဒဏ်ရာအစစ်ပါ ရန်ကုန် လက်ရှိပြေးလမ်းနဲ့ တသားတည်းဆိုပေမယ့် အလွမ်းတွေက ထိုးထိုးထောင်ထောင်ရယ်ပါ ရန်ကုန်ရေ… မင်းဆီမှာ ကျန်ခဲ့တဲ့ ငါ့အိမ်မက်တွေ တစ်နေ့တော့ ငါပြန်လာယူမယ် အခုတော့ ပန်းဆိုးတန်း၊ အနော်ရထာ၊ ၂၆လမ်းတွေပေါ် လမ်းတွေလျှောက်နေချင်တယ် ငါ့စိတ်ကလေးပဲ လွှတ်လိုက်ပါရဲ့ ရန်ကုန်ရယ် နောက်မှ တွေ့မယ်။ _စိုင်းလောဝ်ပိန်း_ * * * စိတ်ကိုင်းဖျားလေးပေါ် သူလာနားပုံက တစ်သက်ပတ်လုံးပြန်မပြေးတော့မယ့်ပုံ ယုံကြည်ချက်ငွေ့အသက်တွေနဲ့ မိုးတွေညို့လိုက်လာခဲ့ပြန်တာ တစ်နှစ်ပတ်လုံးမိုးရာသီ… တစ်နှစ်ပတ်လုံးရွာထားမှတော့ အလွမ်းတွေက အပြိုင်းအရိုင်း ထင်တိုင်းကျဲပေါက်ရောက်နေခဲ့ပြီပေါ့ ခုမှတော့ .. အိပ်မက်တွေကိုတစ်စစီသိမ်းထုတ် ကိုယ့်ဘာသာကိုယ်ယက်လုပ်ထားတဲ့ ရန်ကုန်ကိုပဲ ခြုံယူဝတ်ဆင် ငါ့စိတ်တစပြင်ကိုငါ ယာယီလုံခြုံစေလိုက်ပြီ။ _မနော်ဟရီ_…
အသည်းကွဲညရဲ့ အထီးကျန်လမ်းမတွေ
ညက နာကျင်ခြင်းနဲ့ပေါင်းဖက် ကျွန်တော့်ရဲ့ မရှိခြင်းတွေ အလင်းဆုံးအချိန်လေ ဒုက္ခတွေ လတ်လတ်ဆတ်ဆတ်ကို လှပါရဲ့ လောကဓံရေ- ခင်ဗျားက အငြိမ်မနေတဲ့ ဆူးပဲ - ကျွန်တော့် နှလုံးသားထဲမှာ- နက်နက်ရှိုင်းရှိုင်း ဒီလိုဆိုတော့ အနာဂတ်လည်း အဓိပ္ပာယ် မရှိဘူး ရှိစုမဲ့စု အိပ်မက်အကျိုးအကြေလေးတွေလည်း အဓိပ္ပာယ်မရှိဘူး မီးကျိုးမောင်းပျက်နာရီတွေသာ ကြီးထွား သေရာပါဒဏ်ရာနဲ့ ညတွေ ချည်းပဲ ထားတော့ အမေ့လျော့ခံ လမ်းမတွေအတွက် ဖြေဆည်ရာ မျက်ရည်မရှိ အချန်လှပ်ခံမျှော်လင့်ချက်တွေထဲလည်း တစ္ဆေမကြောက်ကျားမကြောက်ပါပဲ လမ်းတူတယ်ဆိုကြပေမယ့်လည်း ကျွန်တော်တစ်ယောက်တည်း အမှောင်ထဲ အထီးကျန် ခြေရာတွေ မထင်ကျန်စေချင်တော့ဘူး။…
လိပ်ပြာမလုံတဲ့သူ
ဟေ့လူ ခင်ဗျားအဖြစ်က သနားစရာ ကိုယ့်နောက်ကျောမှာဘယ်သူရှိသလဲ ခဏခဏလှည့်လှည့်ကြည့် အဲဒီလောက်ဖြစ်နေရင် နောက်ပြန် လမ်းလျှောက်ပါလား အခုတော့ ခင်ဗျားက ကြက်ကြီးလည်လိမ် ဟေ့လူ ကိုယ့်မျက်ချေး ကိုယ်မြင်မှာစိုးလို့ မှန်တောင်မကြည့်ဘူးတဲ့လား ဘယ်လိုဘဝပေးမျိုးနဲ့ ရတဲ့ ရွှေဉာဏ်တော်ပါလဲနော် ပုတ်ပုတ်သိုးသိုးနဲ့ ခင်ဗျားရုပ်ကို ရွှေချထားပါလား ကျွန်တော်တို့မှာ ရယ်ချင်ပက်ကျိ ဟေ့လူ ငရဲပြည်ထိ အခေါ်ခံရမှာစိုးလို့ ဓာတ်လှေခါးတောင် သတိလက်လွတ်မစီးဘူးဆို ဖြစ်နေလိုက်တာပြောပါတယ် ကိုယ့်အကုသိုလ်ကို ကိုယ် အတော်စိတ်ချ လိပ်ပြာလေးကိုတောင် လှန့်နေပြီလားဗျာ ဟေ့လူ လာမယ်ဆိုရင် အပြစ်တွေ ပြောင်အောင်ဆေးခဲ့ ကိုယ့်နောက်ကျောကို လုံအောင်ဖုံးခဲ့ ရိုးသားမှုကို ကျောပိုးခဲ့ နောက်ဆို ကျွန်တော်တို့ မျက်လုံးဒဏ်တွေအောက်မှာ ခင်ဗျား သေတာထက်ဆိုးသွားလိမ့်မယ်။…
ရပ်ကြည့်နေရင်း ချော်လဲ
အိမ်မက်တွေ တောင်လိုရာလိုပုံ ယုံကြည်ခြင်းတွေ မခမ်းနားတော့ဘူး ဖြစ်ပျက်သမျှရပ်ငေးနေဖို့ ငါကိုက တတ်နိုင်လွန်းတယ် ဆင်ခြင်တုံတရားလည်း ချွန်းမအုပ်နိုင်ဘူး စဉ်းစားဉာဏ်မရှိဘူးလားဆိုတော့လည်း မဟုတ်ဘူး ဒီနေရာမှာပဲ ရပ်တန်းက ရပ်ရင်ကောင်းမယ်နော် လုပ်စရာရှိတာ ဆက်လုပ်ဖို့ နာရီတွေ ခပ်မြန်မြန်လည် ထုံအမှုနဲ့ စီးဆင်း ခပ်မြန်မြန် … ခပ်မြန်မြန် အလွန်လျှင်မြန်စွာ အခုမှ စနစ်တကျ ချော်လဲတယ်ဆိုတာ…
ဒုက္ခကိုလွယ်ပြီး အားလုံးအဆင်ပြေပါတယ်ပြောတယ်
ရှိတဲ့ထမင်းနဲနဲလေးကိုပဲ အများကြီးရှိသလိုအကြာကြီးစားတယ် ဗိုက်ကလေး မဝတ၀ကိုပဲ အဝကြီးဖြစ်နေသလို ရေသောက်တယ် ဆရာပြောသမျှ တစ်စွန်းတစ်စကြားပြီး သိသလိုလို ခေါင်းညိမ့်တယ် တစ်လုံးမှနားမလည်တဲ့စာတွေကို နားလည်သလိုခပ်တည်တည်ကျော်ဖတ်တယ် ဖြစ်နေပုံများပြောပါတယ် မိုးရွာနေတာသိရက်နဲ့ ထီးမဆောင်းဘူး ဖိနပ်ထဲက ခဲလုံး၊ များများနင်းပေးရုံနဲ့ ထွက်မသွားဘူး မေမေရေ… ဒီနေ့ကျွန်တော် ကိုယ့်ကိုကိုယ် အမှန်ပြောဖို့ ဘာကြောင့်များခက်နေရပါလိမ့်။ ဒုက္ခကိုမှ အလှဆင်လွယ်ပြီး အားလုံးအဆင်ပြေပါတယ် ပြောမိတယ်လေ။…