ရပ်ကြည့်နေရင်း ချော်လဲ


အိမ်မက်တွေ တောင်လိုရာလိုပုံ  
ယုံကြည်ခြင်းတွေ မခမ်းနားတော့ဘူး  
ဖြစ်ပျက်သမျှရပ်ငေးနေဖို့ ငါကိုက တတ်နိုင်လွန်းတယ်

ဆင်ခြင်တုံတရားလည်း ချွန်းမအုပ်နိုင်ဘူး  
စဉ်းစားဉာဏ်မရှိဘူးလားဆိုတော့လည်း မဟုတ်ဘူး  
ဒီနေရာမှာပဲ ရပ်တန်းက ရပ်ရင်ကောင်းမယ်နော်  
လုပ်စရာရှိတာ ဆက်လုပ်ဖို့

နာရီတွေ ခပ်မြန်မြန်လည်  
ထုံအမှုနဲ့ စီးဆင်း  
ခပ်မြန်မြန် … ခပ်မြန်မြန်  
အလွန်လျှင်မြန်စွာ

အခုမှ စနစ်တကျ ချော်လဲတယ်ဆိုတာ

ဒုက္ခကိုလွယ်ပြီး အားလုံးအဆင်ပြေပါတယ်ပြောတယ်


ရှိတဲ့ထမင်းနဲနဲလေးကိုပဲ အများကြီးရှိသလိုအကြာကြီးစားတယ်  
ဗိုက်ကလေး မဝတ၀ကိုပဲ အဝကြီးဖြစ်နေသလို ရေသောက်တယ်

ဆရာပြောသမျှ တစ်စွန်းတစ်စကြားပြီး သိသလိုလို ခေါင်းညိမ့်တယ်  
တစ်လုံးမှနားမလည်တဲ့စာတွေကို နားလည်သလိုခပ်တည်တည်ကျော်ဖတ်တယ်

ဖြစ်နေပုံများပြောပါတယ်  
မိုးရွာနေတာသိရက်နဲ့ ထီးမဆောင်းဘူး  
ဖိနပ်ထဲက ခဲလုံး၊ များများနင်းပေးရုံနဲ့ ထွက်မသွားဘူး

မေမေရေ…  
ဒီနေ့ကျွန်တော် ကိုယ့်ကိုကိုယ် အမှန်ပြောဖို့ ဘာကြောင့်များခက်နေရပါလိမ့်။  
ဒုက္ခကိုမှ အလှဆင်လွယ်ပြီး  
အားလုံးအဆင်ပြေပါတယ် ပြောမိတယ်လေ။

နှစ်နှစ်ဆိုတာ ဘာမှ မကြာဘူး


နှစ်နှစ်ဆိုတာ ဘာမှ မကြာဘူး  
ဒီနေ့ဆိုတာက ကြာတယ်

အများကြီးပြောင်းလဲမသွားဘူး ဒီနေရာမှာပဲ ရပ်နေခဲ့တာ  
မေးခွန်းတွေ အဖက်ဖက်က ထိုးနှက်  
ဒဏ်ရာပေါ် ဒဏ်ရာဖြတ်  
ရိုးသားမှုကို အစမ်းသပ်ခံဖို့ ငါတို့ရဲရင့်ခဲ့ကြတာ

ဒီနေရာမှာပဲ ငါတို့ နှလုံးသွေးတွေ မြုပ်နှံခဲ့တယ်  
တူးဖော်ကြည့်ကြ  
ဒီနေရာမှာပဲ ငါတို့ ခံစားချက်တွေ လေဟုန်စီးခဲ့  
ဒီနေရာမှာပဲ လွတ်လပ်မှုကို ရှာဖွေ မြတ်နိုးခဲ့

အများကြီးမဟုတ်ရင်တောင် အထိုက်အလျှောက်တော့ ပေးဆပ်ခဲ့ချင်တာပါ  
ရှားပါးလာတဲ့အချိန်တွေနဲ့ ရင်းပြီးလေ

မနှစ်က လက်ရုံးပြောခဲ့သလိုပဲ  
ဒုက္ခတွေ ဘယ်လောက်ပဲထက်မြနေပါစေ  
ရင်ခုန်သံတွေ လတ်ဆတ်နေသရွှေ့  
ငါတို့စာမျက်နှာတွေ ရှိနေဦးမယ်  
အသေအချာပါပဲ။

ဝံပုလွေများ


ကမ္ဘာမြေကြီးပေါ်ကို ရောက်လာကတည်းက  
လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လို့  
မကျေနပ်နိုင်တဲ့ ဆာလောင်မွတ်သိပ်မှုနဲ့  
သူတို့ … လောကကြီးကိုတစ်ချက်ဝေ့ကြည့်တယ်

ဒီလိုနဲ့  
သဘာဝတရားရဲ့ သွေးကြောထဲမှာ  
အတ္တတွေပြိုင်ဖို့  
သူတို့ တက်တက်ကြွကြွအသက်ရှူမှန်ကြတော့တယ်

အနည်းဆုံးတော့  
တဖက်လူကို ထိုးနှက်ဖို့  
သူတို့အရေပြားအောက်မှာ  
ကိုယ်ပိုင်အမှန်တရားချွန်ချွန်တစ်ခု ဖွက်ထားကြလိမ့်မယ်

ကောက်ကျစ်မှုအကြောင်းပြောတော့ စကားလုံးတွေ သိပ်လှတာပဲ  
ထောင်ချောက်ပေါင်းမြောက်များစွာ စကားတွေကြား ဖွက်ထားကြတယ်  
ပြုံပြတဲ့အပြုံးမှာ ထက်မြတဲ့ အစွယ်တွေနဲ့

ဟုတ်ကဲ့ … မင်္ဂလာပါခင်ဗျာ …တဲ့။

လူပျင်းစကား


ဘဝနဲ့ လွဲနေတာတော့ ကြာပြီ အဖေ  
ပျင်းပျင်းရှိတိုင်း အုန်းလွဲအောင် အိပ်တတ်သူကျွန်တော်လေ  
ကြာတော့ လူကိုယ်တိုင်က နှစ်ဆယ်သုံးနှစ်ပိုင်းတစ်ပိုင်း တိမ်းစောင်းခဲ့

အမြင်တွေမှားနေတာလား၊ အမှားတွေ မြင်နေတာလား  
ဘယ်ဒင်းက ပိုမှန်မလဲ  
အဖြေမရှိဘူးအဖေ၊ ကျွန်တော်က လူပျင်းပါ  
ပျင်းလို့ ဘာမှ မပြောပဲ အပြင်ထွက်ထိုင်နေတာ ကြာပြီပဲ

အဖေ အားမလိုအားမရဖြစ်ချင်လည်း ဖြစ်စရာ ကျွန်တော်ပါ  
ဘာတစ်ခုမှ ပြီးအောင်မလုပ်ခဲ့သူ ကျွန်တော်ပါ  
အသုံးမကျတဲ့စကားလုံးတွေနဲ့ စကားတွေအများကြီးဖြုန်းတီးခဲ့သူ ကျွန်တော်ပါ  
အခက်ခဲဆုံး ပထမဆုံးခြေလှမ်းကို  
အပျင်းပေါင်းတစ်ထောင်နဲ့ ပေပေတေတေ ကျွန်တော်ငြင်းဆန်ခဲ့ပေါ့  
အဖေသာ အနားမှာရှိရင် အဆော်ခံထိမှာ အသေအချာ

ဖေဖေရေ…  
သိပ်လှတဲ့ နွေဦးလေးတစ်ခုလောက်တော့  
ကျွန်တော်တို့ ပိုင်ဆိုင်လိုက်ချင်တယ်  
အဲဒါဆိုရင်ပဲ ကျွန်တော်ရဲ့ ပျင်းရိမှုတွေကို ဆေးကြောသန့်စင်ပြီး  
လုပ်စရာရှိတာတွေ အားကြိုးမာန်တက်လုပ်ပစ်လိုက်ပါ့မယ်  
ခက်နေတာက အဖေရယ်  
နွေဦးကို ဆောင်ကြဉ်းဖို့ ကျွန်တော်က ပျံလွှားငှက်မဟုတ်ခဲ့ပါဘူး  
ကံဆိုးတွေ မိုးမှောင်ကျဆဲ…။ ။

ဒီကဗျာကို ခိုးပါ


ကဗျာတစ်ပုဒ်ဖြစ်ဖို့ အလွယ်ကလေးပဲဗျ  
ငါ့မှာ တအံတသြဖြစ်ရ  
တု၊ စု၊ ပြု မဟုတ်တော့ဘူးနော်  
တိုက်-ရိုက်-ကူး ဖြစ်နေပါပြီ  
တချို့တွေများပြောပါတယ်။

သူနဲ့ ငါ တူတာလည်းမဟုတ်၊ ဆွေမျိုးလည်း မတော်  
အဲဒါကို  
ငါ့လွမ်းတဲ့အကြောင်းက သူ့လွမ်းတဲ့အကြောင်း  
ငါ့မိသားစုက သူ့မိသားစု  
ငါ့အမေကလည်း သူ့အမေ တဲ့  
မေ့သွားသလားတော့မသိဘူး  
အောက်ခြေမှာ ငါ့နာမည်မပါတာကလွဲလို့ ကျန်တာအားလုံးတူတယ်။

အဲဒါလည်းကဗျာဖြစ်တာပဲ  
ကိုမိုးလှိုင်ညပြောသလို Copy-Paste ကဗျာလေ  
ကိုယ်စား ရေးခိုင်းထားသလိုပဲနော်  
ကဗျာ အမြွှာပူးလေးလား

ယူကြဦးမလား ကဗျာ  
ဟော့ဒီမှာနော် အားလုံးအတွက် ကဗျာ။

(သက်ဆိုင်သူများသာ)

အလွမ်းတွေနဲ့ မျှော်လင့်ချက်မဲ့


မင်းဟာ ငါ့ရဲ့ပေါက်ကွဲမှု မီးတောင်  
အချိန်ဘယ်လောက်ကြာကြာ လောင်ကျွမ်းအားကောင်းဆဲ

အချစ်ဆိုတာ ဒဏ်ရာနဲ့မှ လှတယ်လို့ ခပ်တည်တည်ပြောခဲ့သမျှ  
အခုမှ အလွမ်းတွေနဲ့ အလဲလဲကွဲ  
ရှိရင်းစွဲအိပ်မက်တွေ တစ်ပတ်တင်းခဲ့ပေါ့

အရှေ့ဘက်ကောင်းကင်မှာ အလွမ်းတွေ ရေသောက်ဆင်းတဲ့အချိန်လေ  
ငါ့ရဲ့အပိုင်းအစလေးတွေ ငါလိုက်ကောက်လို့  
မင်းကို သတိရကြောင်း ရေးခဲ့ဖူး၊ ရေးနေဆဲ၊ ရေးနေလိမ့်ဦးမယ်

ငါ့ရဲ့ အလွမ်းတွေ ချန်လှပ်မခံရဖို့  
မင်းမှပဲ ကယ်တင်နိုင်လိမ့်မယ်  
ငါ့ဘယ်ဘက်ရင်အုံပေါ်က အနွေးငွေ့လေးရေ…

တနင်္ဂနွေသားလေးဆီ ရောက်ခဲ့တဲ့ အင်္ဂါနေ့ညနေ


အမေ့အသိဆီရောက်သွားတော့  
ထွက်လာကြိုတဲ့ ပုစုဂရုလေးတွေကြောင့် ငါ့မှာ တအံတသြ  
အကြီးဆုံးသားက ကိုးတန်း  
အငယ်ဆုံးလေးက ဒီနှစ် တစ်တန်း တက်မယ်  
အခု ငါတို့လာကြည့်တဲ့ နှစ်ရက်သားချင်းလေးက ခြောက်ယောက်မြောက်  
ရှေ့ကတစ်ယောက်နဲ့ ခြောက်နှစ်ခွဲကွာတယ်တဲ့  
တနင်္ဂနွေနေ့မှာမွေးတာ၊ ဒီနေ့က အင်္ဂါနေ့  
ပိစိကွေးကြီး၊ ထင်ထားတာထက် ထွားတယ်  
ထင်ထားသလောက် ရုပ်မဆိုးဘူး  
အဖေက ထွားထွားထောင်ထောင်၊ သူငယ်ချင်းတစ်ယောက်နဲ့ သိပ်တူတဲ့ ဦးလေးကြီး  
အမေက ပိန်ပိန်ရှည်ရှည်  
ငါတို့တွေ အနွေးထည်လုံအောင် ဝတ်နေရချိန်မှာ  
သူတို့လေးတွေက စွပ်ကျယ်လေးတွေနဲ့  
ဆော့ကောင်းလို့နေအောင် သိပ်ကျမ်းမာတဲ့ ကလေးတွေ  
အဆော့ဆုံးကောင်လေးကို အိုစမာတဲ့  
အလတ်ကောင်လေးက ငါ့အမေငယ်ငယ်က အင်္ကျီဟောင်းလေးကို ဝတ်လို့  
လေးယောက်မြောက်ကလေးမလေးက  
လက်ဆောင်ပေးတဲ့ ရင်ဖုန်းအင်္ကျီလေးကို သိပ်ကြိုက်တာပဲဆိုပြီး  
ဘောင်းဘီတိုလေးနဲ့ တွဲတွဲဝတ်သတဲ့  
ရိုးရာအရ မိသားစုရှိသမျှလူကုန်နဲ့ လက်ဆွဲနှုတ်ဆက်ရတယ်၊ ပိစိကွေးလေးကအစ  
မိသားစု ထွားပုံက အံသြချက်မကုန်  
အဲဒါတောင် ပြောသေးတယ်  
လမ်းတစ်လျှောက် အိမ်တိုင်း သုံးနှစ်အောက်ကလေးမရှိတဲ့အိမ် မရှိဘူးတဲ့  
ပြောသေးတယ်  
ဒီလမ်းလေးတစ်ခုမှာတင် ကလေးပေါင်း ၅၀ မကဘူးတဲ့  
ပြောသေးတယ်  
မြို့နာမည်ကိုက ကလေးမြို့တဲ့လေ  
မိသားစုနဲ့ ဘောတစ်သင်းဖွဲ့ဖို့ ကြံရွယ်  
ငါတို့ ပြန်တော့  
ကလေးတိုင်းလိုက်ပို့၊ တာ့တာ တညီတညာတည်းပြလို့  
ဘယ်မြို့မှာမှ ရှာမရတဲ့ ဖော်ရွေအပြုံးကို ဆင်တူ ပြုံးလို့  
ညဘက် အမေနဲ့ငါ စကားဝိုင်းလေးထဲထိ သူတို့ ပါလာကြတယ်  
ဒီလိုပဲ ကြီးပြင်းခဲ့ကြတာပဲပေါ့၊ မျိုးဆက်ပေါင်းများစွာ  
အခုချိန်လောက်ဆိုရင်တော့  
အိမ်ရှေ့ ငါတို့ထိုင်ခဲ့တဲ့ နေရာလွတ်လေးမှာ  
ငါးယောက်သား စီရရီ တုံးလုံးပက်လက် တိုးတိုးဝှေ့ဝှေ့ အိပ်နေကြရော့မယ်

ချည်တိုင်


ကာမဂုဏ်က ငါတို့ကို ချည်တုတ်ထားလိုက်တာ ကြိုးကအကြီးကြီး  
လောဘရမက်ကလည်း အရင်ဘဝကဒိုင်နိုစော ဝင်စား  
ကရုဏာရှင်လက်ကမ်းတာတောင်မှ ပျားတုတ်ခံပြီး ပျားရည်စက်ကိုတပ်မက်တုန်း  
အချို့ကတော့ ညည်းကြတယ်လေ … စက်ရုပ်ဘဝကြီးပါတဲ့  
ဘာဖြစ်လဲ  
ငါကလည်း အဲဒီစက်ရုပ်ပဲ ဖြစ်ချင်နေတာ  
အဲဒီမှာ ငါ့ရည်မှန်းချက်ရှိတယ်  
လွတ်လပ်မယ် မျှတမယ်  
ဒါပေမယ့်  
ငါဖြစ်မယ့် စက်ရုပ်မှာ လတ်ဆတ်တဲ့နှလုံးသားတော့ ပါရလိမ့်မယ်…။

စိမ်းလန်းခွင့်မရှိတဲ့ သစ်တော


ဗိုက်ဟောင်းလောင်းလမ်းမတွေက  
နေရာတကာ ရှည်လျားလွန်းကြလို့  
အမှောင်ချခံထားရတဲ့ ငါတို့မျှော်လင့်ချက်ကလေးတွေကို  
ထုပ်ပိုးပေးပို့လိုက်ပါရဲ့ ငါတို့ရဲ့ ရည်ရွယ်ရာလေးတွေရေ…

အချိန်အဆအချိုးအစား မသိတော့  
ဘဝက အရသာ မကောင်းဘူးတဲ့လား  
မိုးတွေ အလကား ချုပ်, ချုပ်သွား  
နေတွေ အလကား ထွက်, ထွက်လာ  
ငါတို့ကတော့ ပျော်လို့ကောင်းနေကြတုန်းလား

ဝေဒနာကိုယ်ထင်ပြမှ  
ငါတို့ကိုယ်ငါတို့ လူနာမှန်းရိပ်မိ  
ဒီအချိန်ကျမှ ရှိသမျှအကုန်လောင်း  
ဘယ်လိုမောင်း, မောင်း ကံကြမ္မာကောင်းကို မမီတော့ဘူး

လက်ရုံးရေ…  
ရာသီဥတုကပဲ ဆိုးရွားလွန်းသလား  
ငါတို့ကပဲ ပိန်ညှော်လွန်းသလား  
ဘယ်ကြည့်ကြည့် သစ်ငုတ်ပင်တွေချည်းပဲ…