ကလေးမြို့
ဂျိုးငှက်ငယ်လေးတစ်ကောင်လို သူ့အတောင်ပံထဲ သူ့ခေါင်းသူထည့်ဝှက်လို့ မနက်ခင်းတုန်းက သူအိပ်မောကျနေလိုက်တာ တိတ်ဆိတ်လို့ အခုတော့ သူရုန်းကန်လှုပ်ရှားနေပုံက အသံပိတ်ထားတဲ့ အနှေးပြကွက်တွေလို မြို့လယ်ခေါင်က မြင်းစီးကြေးရုပ်ကြီးတောင် ဆိုင်ကယ်စီးသူ စက်ဘီးစီးသူတွေကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေလိုက်တာ ကိုးယိုးကားယားကြီးပေါ့ နေကြာပန်းတွေ ကျောခိုင်းရာအရပ်မှာ တောင်တွေအထပ်ထပ်ကို သူ့ဘေးပတ်ပတ်လည်မှာ နေရာချလို့ သူ့အိမ်သေးသေးလေးကို သူ့ဘာသာသူဆောက်ပြီး မျှော်လင့်ချက်တွေ သီးပွင့်မယ့် မနက်ဖြန်ကို စောင့်လို့နေရှာတယ်လေ…
သူငယ်ချင်း
မင်းပျော်ချင်ယောင်ဆောင်တော့ ငါမှာ အနေရခက်တယ် ပူလောင်မှုကို ငါသိပါတယ် ငါအပါအဝင် လူတိုင်း၊ အဲဒီပူလောင်မှုမှာ အေးအေးချမ်းချမ်းနေချင်ကြပါတယ် ဒါပေမယ့် မင်းကတော့ မအေးချမ်းဘူး မင်းခေါင်းမာမှုကတော့ မင်း “ထရိတ်မတ်” နဲ့မင်းပဲ ပတ်ဝန်းကျင်ကို မင်းရော ငါရော ခါးခဲ့တာ အတူတူ ကိုယ့်တော်လှန်မှုမှာ ကိုယ့်ဘာသာအောင်မြင်တယ်ထင်ခဲ့ကြတာချည်းပဲ ဒါပေမယ့်ကွာ မင်းယဉ်ကျေးမှု မင်းပြန်ဆန်းစစ်ဦး ကြားရတာတော့ မင်းအမေလည်း မျက်ရည်နဲ့ မျက်ခွက် မင်းညီလည်း မျက်နှာမကောင်းဘူး မင်းစကားတွေ ကျွံခဲ့သလား ကျောင်းတုန်းကလို အဆင်မပြေတိုင်း ဝူးဝူးဝါးဝါး လုပ်တုန်းလား မင်းပြေးဝင်ခဲ့တဲ့ ဘဝကို အဲဒီလို ရင်ဆိုင်လို့မရဘူးဆိုတာ မင်းသိကြောင်း ငါသိတယ် မင်းအင်တာနက်မှာ ဆော့နေကျ “ထောင်ထဲမှာ ရုန်းကန်ရတဲ့ ဂိမ်း” လို မလွယ်ကူဘူး၊ ခိုးဆော့လို့မရဘူး။ မင်းဘာသာမင်းချည်မယ့် ကြိုးမှာ မင်းရှိရမယ့်သတ္တိကို ချီးကျူးစရာ ဂုဏ်ယူစရာဖြစ်အောင်လုပ်ရမှာ အခုတော့ မင်းက ခြေစုံကန်တယ် သူငယ်ချင်းတချို့က တအံတသြ သူငယ်ချင်းတချို့က လှောင်ရယ် သူငယ်ချင်းတချို့က ပက်ပက်စက်စက်ဝေဖန်တယ် ငါကတော့ မင်းရယ်သံတွေ နားထောင်ပြီး နာနာကျင်ကျင် မင်းတကယ်ရယ်နေတာလား ငါ သိတာပေါ့၊ မင်းခြေထောက်တွေငါမြင်နေရတာပဲ ငါတို့က ငယ်ငယ်တည်းကပေါင်းလာတဲ့ မြွေတွေပဲကွာ အခုအခြေအနေက မိုးထဲရေထဲမှာတဲ့လား အခိုက်အတန့်လေး သတိတော့ထားပေါ့ကွာ ဒီတွင်းဘယ်လောက်နက်နိုင်မှာမို့လဲ၊ ငါတို့ကပိုနက်ပြီးသားပဲမဟုတ်လား မင်းနဲ့ငါရဲ့ နောက်ဆုံးခွက် တစ်ချက်တည်းမော့တွေလိုပဲ ခပ်ပြင်းပြင်း နောက်တော့လည်း ဒါတွေက လူအိုကြီးတွေရဲ့ စမြုံ့ပြန်စရာဖြစ်လာမလား အခုတော့ မင်းရဲ့ အပျော်တစ်ဝက် စိတ်ညစ်မှုတစ်ခြမ်းမှာ အပျော်မှာပဲ နေထိုင်နိုင်ပါစေ သူငယ်ချင်းရေ…။…
ငါက ငါ့ရဲ့ သေကြောင်းကြံစည်မှု
မင်းလုပ်ချင်တာသာလုပ်တော့ ငါက ငါ့ရဲ့ သေကြောင်းကြံစည်မှုပဲ လက်ကောက်ဝတ်ပေါ်ကဓားလား၊ ဘဝလား ငါ ကြိုက်တာရွေးပဲ စိတ်ဓာတ်ကျနေပုံက ကိုယ်နှုတ်အမူအရာတွေတောင် ဆွံ့အ နှုတ်သီးလဲ မဟောင်နိုင်တော့ဘူး စိတ်ဓာတ်ကျနေတာဟေးးး စိတ်ရှည်တာ၊ သည်းခံတာနဲ့ မမှားလိုက်ကြနဲ့ဦး သိပ်ကိုတုံးတာပဲဆိုလဲ ဝန်ခံရတော့မယ် အန္တရာယ်က ဟန်ကျပန်ကျ ရှိနေပြီ ဟိုအခန်းထောင့်က သေမင်းနဲ့ငါ သံခင်းတမန်ခင်း မရှိတော့ဘူး…
အိမ်ပြန်လမ်း
အိမ်အပြန်လမ်းက အပေ့ါပါးဆုံးငှက်တောင်မွေးလေးလိုပဲ လေထဲဝဲ ချစ်သူဆီ အတော်ဖြန့်တဲ့လမ်းမှာ ရှိသမျှပန်းတိုင်း အဝါရောင် ကားဘီးတစ်ပတ်လိမ့်တိုင်း ငါ့နှောင်ကြိုးတစ်ပတ်လျှော့ နာရီတစ်စက္ကန့်ခေါက်တိုင်း ငါ့ရင်ဘတ်ပြုတ်ပြုတ်ကျ “အန္တရာယ်အကွေ့” “ယဉ်တိမ်းမှောက်မှု မကြာခဏဖြစ်သည်။ ဖြေးဖြေးမောင်းပါ” သတိပေးဆိုင်းဘုတ်တွေလည်း အဝါရောင်လှ တစ်ကွေ့ပြီးတစ်ကွေ့ တစ်တောင်ပြီးတစ်တောင် ဒီလောက်ပေါ့ပါးတာ မရှိခဲ့ဘူး ငါဟာ လွှင့်မျှောလိုက်ပါ ခရီးလမ်းရဲ့ဟိုဘက်က ချစ်သူဆီ…
အချိန်ကို ဖုန်ခါပြီး အမှတ်တမဲ့
အချိန်က အကောင်းဆုံး ဆေးတစ်ခွက် လူတွေက ဒီလိုပြောကြတယ် အမှန်တော့ အချိန်က အကောင်းဆုံး ယိုယွင်းပျက်ဆီးခြင်းပဲ အချိန်က အကောင်းဆုံး သေခြင်းတရားပဲ အချိန်ဆိုတာ ငါ့လက်ကြားထဲက လွတ်ထွက်သွားတဲ့ လေပြေလေးလိုပဲ ဘယ်တော့မှ ဖမ်းမမိခဲ့ ငါတို့ဖြုန်းတီးခဲ့တဲ့ အချိန်တွေ… ကဗျာမရေးခဲ့တဲ့အချိန်တွေကို နှမြောတယ် ရယ်မောခွင့်မရှိခဲ့တဲ့အချိန်တွေကို နှမြောတယ် ရယ်မောအောင်လုပ်မပေးနိုင်ခဲ့တဲ့ အချိန်တွေကို နှမြောတယ် ချစ်ခြင်းမေတ္တာမရှိခဲ့တဲ့ အချိန်တွေကို နှမြောတယ် ဒီလိုနဲ့ … ဘဝဆိုတဲ့တွင်းနက်ကြီးက အချိန်တွေကို ဆုပ်ယူသွား အပြည့်ဝဆုံးအချိန်မှာမှ ပေါက်ကွဲပျက်ဆီး အသစ်ပြန်ဖြစ် ဒီလိုနဲ့ … နာရီတွေ တစ်လုံးပြီးတစ်လုံးပျက်သွားခဲ့ နောက်ဆုံးရထားတွေ တစ်စီးပြီး နောက်တစ်စီး… အမှောင်တွေမလာခင် ငါတို့ ခိုးယူထားခဲ့မိတဲ့ အချိန်တွေ ပြန်ဆပ်ဖို့ အသေအချာ လိုအပ်ခဲ့ပြီ။…
အိမ်
သိပ်နွေးထွေးတဲ့ အိမ်လေး… ငါနဲ့ဝေးရာဆီ ပြေးထွက်သွားတယ် ငါ့မှာ သူ့ရဲ့ ခြေရာလက်ရာလေးတွေ တသသနဲ့ ကျန်ခဲ့ရ နံနက်ခင်းရနံ့တွေ မလတ်ဆတ်တော့ဘူး အိမ်မဟုတ်တဲ့ အိမ်တွေမှာ လူတွေဘာကြောင့် ဒီလောက်များနေရသလဲ ဆင်းရဲဒုက္ခကို သွေးနဲ့ မြည်းလို့ ငါ… သူတို့သတ္တိတွေကို တလေးတစား ဦးညွတ်လိုက်ပါရဲ့ စိုင်းဝင်းမြင့်ရဲ့ လိုရာမရောက်တဲ့ သစ်ပင် ဆရာမြသန်းတင့်ရဲ့ ရွှေပြည်တော်မျှော်တိုင်းဝေး သူများစကားလုံးတွေ ငါယူသုံးတယ် ငါ့ရင်ဘတ်မှာ အံဝင်ဂွင်ကျ လိုအပ်တဲ့ မိုက်မဲမှုက ရောက်မလာဘူး ဆင်ခြင်တုန်တွေ ထမ်းထားရတာ ပခုံးလဲ စုတ်နေပြီ သည်းညည်းခံမှုတွေက မွဲပြာပုဆိုး ဘဝက ပါးပါးလျလျ ဒိုးယိုပေါက် ဟောင်းလောင်း တော်ပြီ!!! စေ့ဆော်တဲ့ စိတ်နဲ့ ငါလွှတ်ထွက်သွားတယ် အထိန်းအကွပ်မရှိတော့ဘူး ဖျားနာနေတဲ့ လူ့အဖွဲ့အစည်းရဲ့ အဝေးကို “ငါမှ ငါ”များရဲ့ အဝေးကို ငါ့အတ္တရဲ့ အဝေးကို ပျောက်ဆုံးနေတဲ့ အိမ်လေးဆီကို ……
ရှုံးပွဲ
ငါက ကံမကောင်းခြင်းပခုံးနဲ့ နတ်ပြည်ကို ထမ်းထားချင်တဲ့ကောင်မဟုတ်ပါဘူး ဒါပေမယ့် ငါ့ဆီမှာ ဂျိုကာ ကန့်လန့်နဲ့ ရှုံးတဲ့ပွဲတွေလည်း ရှိခဲ့တယ် ဓားမရေပေါ် အဖြစ်တွေနဲ့လည်း ကြုံခဲ့တယ် ဒါတောင် ငါကိုက အမှတ်သညာမရှိဘူး စကြာဝဋ္ဌာတစ်ပတ်အပြည့်မှာ ကံကြမ္မာကို လမ်းစဖျောက်ပစ်ခဲ့ဖို့ ကြီးကြီးကျယ်ကျယ် ကြံစည် မေ့လွယ်ပျောက်လွယ် နာမည်တစ်လုံးက ချည်ပြီးတုတ်ပြီး မာန်မာနတွေ တပြုံကြီးထိုးသွင်း ပညာပြလိုက်တော့ ငါ့ကိုငါ မမေ့ဖို့ မြေပြင်ပေါ်က အရှိတရားငါလေးကိုပဲ ခက်ခက်ခဲခဲ အသက်ဓာတ်လို ဖက်တွယ်ထားရပြန်ပေါ့ ဒါပေမယ့်လည်း သတိလက်လွတ်ညနေခင်းတွေအတွက် ခေါင်းငိုက်စိုက်ခဲ့ရတဲ့ ညပေါင်းများစွာ ဒဏ်ရာတွေ ကန့်လန့်ဖြတ်၊ တစ်ချို့က ထပ်တူ ပြောခဲ့ပြီးပါပြီကော ငါကိုက အမှတ်သည်းခြေမဲ့တယ်ဆိုတာ ကစားပွဲဥပဒေသတွေ မသိဘဲ ရမ်းကစားမိလေသလား ဒေါသထွက်တဲ့ကောင် ရှုံးကြေးဆိုတဲ့ ပွဲတွေမှာ…။…
ချစ်သူစိတ်ကောက်တဲ့ညမှာ ကျွန်တော်ဟာ ပလုံစီနေတဲ့ မေးခွန်းလေးတွေပါ
စိတ်ညစ်လို့ အိပ်ပစ်လိုက်တဲ့ညပေါ့ ကြယ်တွေတောင် ခေါင်းခဲအောင် စဉ်းစား ငါ့ချစ်သူကို ဘယ်လိုချော့ရမလဲဆိုတာ ချစ်သူစိတ်ကောက်တော့ သိသာတယ် ပွင့်လင်းဖော်ရွေတဲ့ မျက်နှာလေး တည်သွား ဖုန်းဆက် / စကားပြော \- တစ်ခွန်းမေး တစ်ခွန်းဖြေ ငါကလည်း လိုရာမပေါက်ဘူး စကားနှစ်ခွန်းနဲ့ ဂျာအေးကို သူ့အမေရိုက် ချာချာလည် အမယ်ဘုတ်တောင် သူ့ချည်ငင်နဲ့ အဆင်ပြေသွားပြီ ငါကတော့ ဝေတုန်း ဝါးတုန်း ဒီလိုညမျိုးကတော့ အိမ်မက်ဆိုးပဲ ခြင်ကပဲ ပိုကိုက်နေသလား၊ နွေကပဲ ပိုပူနေသလား အိပ်ယာက သဲတရှပ်ရှပ်၊ ခေါင်းအုံးက ဖုထစ်ဖုထစ် ဟာ… တစ်ခုခု အဆင်ပြေမနေတာတော့ သေချာတယ် နာရီတွေ မလည်တော့ဘူးလား တကယ်ဆိုရင် မနက်ဖြန်ဆိုတာ ကျောချင်းကပ်လျက်နဲ့ အဝေးကြီး ဒီလိုနဲ့… ဒီလိုနဲ့… ဒီလိုပါပဲ ခွင့်လွတ်ပါချစ်သူရယ်၊ ကိုယ်က တုံးတယ်…
သူငယ်ချင်းတွေနဲ့ တစ်ကွေ့
အားလုံးစွန့်ခွာသွားလည်း ရှိနေဦးမှာပဲဆိုတဲ့အတွေးနဲ့ ငါလှုပ်ခတ်တိုင်း မင်းပဲ ကဗျာ။ ၁၉၉၈ ခုနှစ်က ပိုးတုံးလုံးလေး ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ … ငါတို့ တောင်ပံတွေ ပြိုင်တူ ခတ်ခဲ့ကြ၊ သူငယ်ချင်းတွေ အဲဒီတုန်းက သိပ်စည်းလုံးခဲ့ကြတာ… ကဗျာဟာ ငါတို့အာဟာရ ကဗျာဟာ ငါတို့ယဉ်ကျေးမှု ကဗျာဟာ ငါတို့ရဲ့ မျှော်လင့်ခြင်းအနာဂတ် အိမ်က ရာဇသံနဲ့ ပိတ်ပင်ထားတာတောင် ထွက်ဖြစ်အောင် ခိုးထုတ်ခဲ့ကြတဲ့ ကဗျာစာအုပ်တွေ… ရောင်းစရာလူမရှိလည်း အိတ်စိုက်ပြီး ရဲရဲထုတ်ဖြစ်ခဲ့တဲ့ ကဗျာစာအုပ်တွေ… အိပ်ရေးပျက်ညပေါင်းများစွာနဲ့ ကိုယ်တိုင်စာစီရိုက် ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့ရတဲ့ ကဗျာစာအုပ်တွေ… ကျောင်းထုတ်ခံရဖို့ သီသီလေးလွတ်ရုံ သူငယ်ချင်းရေးခဲ့တဲ့ အမှန်တရားတစ်ထပ်နဲ့ ကဗျာစာအုပ်… နောက်ထပ်…နောက်ထပ်တွေ… ငယ်ရွယ်တက်ကြွမှုနဲ့ ငါတို့၊ ကဗျာမှာ လက်ရဲဇာတ်ရဲခဲ့ကြတယ် အခုတော့ ဒါတွေဟာ ကြားကောင်းရုံပုံပြင် လက်ဖက်ရည်ဆိုင်ထိုင် ရှေးဟောင်းနှောင်းဖြစ် တစ်ချို့က ကဗျာကို ဘီယာနဲ့လဲသောက်တယ် တစ်ချို့က နွေးထွေးတဲ့ မိသားစုဘဝမှာ ကဗျာကို မလိုအပ်တော့ဘူးထင်နေပြီ တစ်ချို့က ကဗျာကို မေ့တယ်/ မေ့ပစ်လိုက်တယ် တစ်ချို့ဆီမှာတော့ ကဗျာ ကွယ်တယ် ဟေးးးးး ငါကပဲ ရူးမိုက်နေတာလား မင်းတို့ကပဲ လိမ္မာသွားကြတာလား သူငယ်ချင်းတို့ရေ မင်းတို့နေဝင်သွားသလောက် ငါကတော့ နေမြင့်နေဆဲ / ဆက်ပြီးနေမြင့်နေဦးမှာပဲလို့ ငါ့ရဲ့ ကဗျာသွေးကို အရူးသွေးလို့ မင်းတို့ခေါ်ဝေါကြတော့မလို့လား ကဗျာဆိုတာ ငါ့စိတ်ရဲ့ သေရာပါ အသားပို… ငါကတော့ဆက်ရေးတုန်းပဲ ကဗျာ။ _(ကဗျာကို စွန့်လွတ်သွားခဲ့ကြသော သူငယ်ချင်းများသို့ အမှတ်တရ)_…
အရှုံးသမား ၃
ကိုယ့်မှာတော့ ထမ်းထားလိုက်ရတဲ့ မျှော်လင့်ချက်ကြီး ပျော်ရွှင်ခြင်းတွေ တောင် မြေကြီးနှစ်ဝင်သွားတဲ့အထိ ဘဝရဲ့အကိုင်းအခက်တစ်ချို့တောင် ဆွေးမြေ့ပုပ်ရိသွားတဲ့အထိပေါ့ ပြီးတော့လည်း ရိုက်ချခံရ ဘဝတစ်ခုလုံး ငါ့နှလုံးသားထဲမှာ ပြန့်ကျဲလို့ မှန်ကွဲစတွေလို အသားစိုက် မြှားရိုင်းတွေလို ထုတ်ချင်းခတ် ငါ့ရဲ့ အသုံးမကျတဲ့ ဦးခေါင်းဟာလဲ ကမ္ဘာလို ချာချာလည်ခဲ့ပြီ။…